Sunday, August 7, 2016

တွေးမိသမျှ ယူနီကုဒ်အကြောင်း (၁)

သူများနိုင်ငံတွေမှာလည်း သက်ဆိုင်ရာ ဖုန်း၊ မော်ဒယ်အလိုက် သူ့အဖွဲ့နဲ့လေးတွေနဲ့သူ ရှိပါတယ်။ အဲ့ဒီအဖွဲ့လေးတွေထဲကို ဝင်ကြည့်လိုက်ရင် ဖုန်းမှာဖြစ်နေတဲ့ ဘက်ထရီပြဿနာတို့၊ ဖုန်းရဲ့လုပ်ဆောင်ချက်အကြောင်းတို့၊ Tweaks လေးတွေ ဘယ်လိုသုံးရမလဲလို့ဆိုတာကို နည်းပညာဖြန့်ဝေကြ၊ မေးကြ၊ ဖြေကြနဲ့ ပညာရပါတယ်။ ဒီနိုင်ငံမှာလည်း အဲ့လိုအဖွဲ့တွေ မရှိဘူးမဟုတ်ပါဘူး.... ရှိပါတယ်။ ဒါပေမယ့် ဖုန်းအခက်အခဲကိုမေးတာ နည်းနည်း၊ ဖောင့်အကြောင်းပဲမေးတာများများ ဖြစ်နေတယ်။ မယုံရင်ဝင်ကြည့်ကြည့်.... ဒီနိုင်ငံက အဖွဲ့တွေထဲကို။ ပို့စ် ၁၀ ခုမှာ ၇ ခုက မြန်မာစာမမှန်လို့ ကူပါဦးတို့၊ ဒါလေး အပ်ဒိတ်ပေးနေတယ်... တင်လိုက်ရင် မြန်မာစာပျောက်သွားနိုင်လားတို့ဆိုတာတွေချည်းပဲ တွေ့နေတယ်။ သူများနိုင်ငံတွေက အဖွဲ့တွေထဲမှာ ဖောင့်အကြောင်းမေးတာ တွေ့ကိုမတွေ့ဖူးဘူး... လိုက်ကြည့်ရသလောက်ကတော့။ သူတို့က ဘာလို့မှန်တာလဲ.... သူတို့က သူတို့နိုင်ငံအတွက် သက်ဆိုင်ရာဘာသာစကားတွေကို ယူနီကုဒ်စနစ်နဲ့ တစ်နိုင်ငံလုံး အသုံးပြုနေကြလို့ပါ။ ယူနီကုဒ်စနစ်ဆိုတာ Android OS, iOS တွေမှာ အသင့်ပါပြီးသား စနစ်တစ်ခုပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားအားလုံးနီးပါးကို ကုဒ်ပွိုင့်တွေသတ်မှတ်ပြီး ထည့်ပေးထားတာပါ။ အဲ့တော့ ယူနီကုဒ်စနစ်ကို တစ်နိုင်ငံလုံး အသုံးပြုကြတော့ ဖုန်းဝယ်လိုက်တာနဲ့ အသင့်ရေးနိုင်၊ ဖတ်နိုင်ကြတယ်။ ဖောင့်အတွက်၊ စာရိုက်စနစ်အတွက် ဘာမှပူစရာမလို။ ဖုန်းနဲ့ပက်သက်တဲ့ အခြားလုပ်ဆောင်ချက်၊ အခြားသောပြဿနာတွေဘက်ကို အာရုံပိုစိုက်နိုင်တယ်၊ ပိုပြီး ဖြေရှင်းနိုင်ကြတယ်။ အဲ့ဒီမှာ သူတို့ကျတော့ အဲ့လိုအသင့်သုံးနိုင်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကျတော့ ဘာလို့မရတာလဲဆိုရင် ရပါတယ်လို့ပဲ ပြောရပါလိမ့်မယ်။ ယူနီကုဒ်စနစ်ထဲမှာ မြန်မာဘာသာစကားအတွက် အသင့်ပါပြီးသားပါ။ ဗမာဘာသာအပြင် ရှမ်းဘာသာစကား၊ မွန်ဘာသာစကား၊ ကရင်၊ ပအိုးဝ် အစရှိသဖြင့် တိုင်းရင်းသားဘာသာစကားတွေအတွက်ပါ ပါပြီးသားပါ။  ဒါဆို ကျွန်တော်တို့ ဘာလို့သုံးလို့မရတာလဲ ပြန်မေးရင် အဖြေကရှင်းရှင်းလေးပါ။ မသုံးကြလို့ပေါ့။ ဖုန်းဝယ်ပြီးပြီးချင်း ဘူးဖွင့်၊ ပါဝါဖွင့်ပြီး စစတက်လာတာနဲ့ တန်းမြင်ရတာက ယူနီကုဒ်စနစ်ထဲမှာ ပါပြီးသားဖြစ်တဲ့ မြန်မာစာပါ။ ဟင်... အဲ့ဒါကြီးတွေက စာမှမမှန်တာလို့ ထပ်ပြောရင် အဲ့ဒါကမမှန်တာမဟုတ်ပါဘူး။ ကိုယ်တွေနိုင်ငံက လက်ရှိလူသုံးများနေတဲ့ဖောင့်က မမှန်တာပါ။ အဲ့ဒီဖောင့်က ယူနီကုဒ်စနစ်ထဲမှာ ရှိပြီးသား ကုဒ်ပွိုင့်တွေနေရာမှာ မြန်မာစာစာလုံးတွေကို ဖြစ်သလို နေရာချထားခဲ့တာပါ။ အဲ့ဒါကြောင့် သူ့နေရာနဲ့သူ မှန်မှန်ကန်ကန် နေရာချထားတဲ့ စနစ်နဲ့တွေ့တော့ တလွဲတွေပေါ်ကုန်တာပါ။ စနစ်ကမမှန်တာမဟုတ်ပါ။ လက်ရှိလူသုံးများနေတဲ့ဖောင့်က မှားနေတာပါ။ ဒါပေမယ့် အမှားကြာ အမှန်ဖြစ်ဆိုတဲ့အတိုင်း စနစ်တကျ မှန်မှန်ကန်ကန်နဲ့ အသုံးဝင်တဲ့ ကွန်ပျူတာစနစ်သုံး မြန်မာစာတစ်ခု ဖြစ်လာအောင် အချိန်ယူပြင်ဆင်မွမ်းမံနေတဲ့အချိန်အတွင်းမှာ ယူနီကုဒ်စနစ်ထဲက ကုဒ်ပွိုင့်တွေကို ခိုးယူသုံးစွဲထားပြီး ဖြစ်သလိုလုပ်ထားတဲ့ဖောင့်နဲ့ အသားကျနေတော့ အဲ့ဒါကိုပဲ အမှန်မှတ်ပြီး ပြောနေကြတာပါ။ ယူနီကုဒ်စနစ်ကိုသာ သူများနိုင်ငံတွေမှာလို တစ်နိုင်ငံလုံးအသုံးပြုခဲ့မယ်ဆိုလို့ရှိရင် သူများနိုင်ငံတွေမှာလည်း ဒီနေ့၊ ဒီအချိန်မှာ ရနေတဲ့ နည်းပညာတိုးတက်မှုတွေ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ရနိုင်ပါတယ်။ ဥပမာလေး ပြောပြပါ့မယ်။ iOS တွေမှာ ပါနေတဲ့ Siri ဆိုတဲ့ ဆော့ဝဲ။ Siri, Show me the weather today (ဒီနေ့ ရာသီဥတုအခြေအနေလေး ပြကြည့်ပါဦး) တို့၊ Where can I buy bus ticket? (ဘက်စ်ကားလက်မှတ် ဘယ်နားဝယ်ရမလဲ) တို့၊ Make a phone call to Marry (မေရီ့ဆီကို ဖုန်းခေါ်ပေးပါဦး) တို့လို အသံနဲ့အမိန့်ပေးလိုက်တာနဲ့ ဖုန်း၊ ကွန်ပျူတာကနေ လိုက်လံလုပ်ဆောင်ပေးနိုင်ဖို့ဆိုတာ ယူနီကုဒ်စနစ်ကိုသာ အသုံးပြုမှရမယ့် နည်းပညာတွေပါ။ (လက်ရှိ ကိုယ်တွေရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့၊ တရုတ်တို့ကတော့ ရနေပါပြီ)။ပါးစပ်က ရွတ်လိုက်တဲ့စကားတွေကို ကီးဘုတ်တစ်ချက် ထိစရာမလိုဘဲ စာသားအဖြစ် ပြောင်းပြီးပြပေးနိုင်ဖို့ဆိုတာ ယူနီကုဒ်စနစ်သုံးမှရမှာပါ။ ဒါတွေက ဥပမာအချို့ပဲ ရှိသေးတာပါ။ အဲ့ထက်လုပ်ဆောင်နိုင်တာတွေ အများကြီးရှိပါသေးတယ်။ ဆိုတော့ကာ.... နည်းပညာတိုးတက်မှုကို လိုချင်ရင်တော့ ယူနီကုဒ်စနစ်ကို မဖြစ်မနေ ပြောင်းသုံးမှ ရပါလိမ့်မယ်။ အခုက ဒီနိုင်ငံမှာဖြစ်နေတာက လိုချင်လိုက်တဲ့ နည်းပညာတိုးတက်မှု၊ သူများနိုင်ငံတွေ ရတာကို အားကျပြီး လိုချင်နေကြတယ်.... အဲ့ဒါရဖို့ အခြေခံအကျဆုံး ယူနီကုဒ်စနစ်ကို ပြောင်းသုံးပါဆိုတော့ မသုံးချင်ကြတော့ဘူး.... စာမမှန်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့။ အကုန်လုံးသာ ယူနီကုဒ်စနစ်ကို အသုံးပြုနေကြရင် အကုန်လုံးက ဒါနဲ့ပဲရေးတဲ့အတွက် မမှန်ဘူးဆိုတဲ့ပြဿနာ မရှိတော့ပါဘူး။ တစ်ယောက်ချင်းစီ အသိစိတ်ဓာတ်ရှိရှိနဲ့ ပြောင်းလဲကြရင် ပိုကောင်းမှာပါ။ ခုက ဘယ်လိုမှ ပြောမရတော့လို၊ ကြာရင် ဒီထက်ပိုဆိုး၊ ပိုနောက်ကျဖို့ပဲ ရှိနေလို့ နိုင်ငံတော်အဆင့်ထိ စာတင်ပြီး ပြောင်းဖို့ လုပ်ဆောင်နေရတာပါ။ အဲ့ဒါကိုလည်း ကိုယ်မလုပ်နိုင်ရင် နောက်ကနေပဲ လိုက်ပါ၊ ဘေးထိုင်ဘုပြောနဲ့ အပြစ်ဝိုင်းမတင်ကြပါနဲ့။ ခုလက်ရှိဖြစ်နေတာက လုပ်နိုင်တဲ့သူတွေက လုပ်သင့်တဲ့၊ ဖြစ်သင့်တဲ့အရာတစ်ခုကို လုပ်ဆောင်နေကြတာကို ဘေးထိုင်ဘုပြောပြီး အပြစ်တင်၊ လူ့ဂဏန်းလုပ်နေကြတဲ့သူတွေ များများလာတာပါ။ ကိုယ်မသိတဲ့ နယ်ပယ်တစ်ခုကို ဝင်မပြောတာ အကောင်းဆုံးပါ။ ပြောချင်ရင်လည်း သိအောင် ဖတ်၊ မှတ်၊ လေ့လာပြီးမှ ပြောသင့်ပါတယ်။ မဟုတ်ရင် ကိုယ်ပဲ ငပေါကြီး ဖြစ်သွားပါလိမ့်မယ်။ နောက်ပြီး မှားနေတဲ့အရာတစ်ခုကို အသေခံကာကွယ်ပေးနေကြတာလည်း လုပ်သင့်တဲ့အလုပ် မဟုတ်ပါဘူး။ ကိုယ်က နည်းပညာနယ်ပယ်မှာ သူများထက် ပိုသိ၊ ပိုတတ်တယ်ဆိုရင် မှန်ကန်တဲ့အရာကို လမ်းပြပေးရမှာပါ။

စာလည်းရှည်သွားပြီ။ တစ်ခါမှ ဒီလောက်အရှည်ကြီး မရေးခဲ့ဖူးဘူး။ တော်သေးပြီ။

• နည်းပညာသမားများ ကိုယ့်လိပ်ပြာကိုယ်လုံနိုင်ကြပါစေ၊
• ကိုယ့်ပညာရပ်အပေါ် ကိုယ်သစ္စာစောင့်သိနိုင်ကြပါစေ၊
• မှန်ကန်တဲ့စနစ်တစ်ခုကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ကြပါစေ၊
• မြန်မာနိုင်ငံလည်း သူများနိုင်ငံများနည်းတူ နည်းပညာ ဖွံ့ဖြိုးတိုးတက်ပါစေ.... လို့ပဲ ဆုတောင်းရင်း။

No comments:

Post a Comment